မသိခြင်းများတွင် ကိန်းအောင်းနေသော
အရှိန်က ပြင်းလွန်းနေသည်။ “မြန်သည်”ဟူသော စကားကို လျှော့တွက်ထား၍ ရအောင်ပင် အရှိန်က ပြင်းလွန်းနေသည်။ တစ်ယောက်တည်း ထိုင်ရသည်ကို မသိုးမသန့်ဖြစ်လာ၍ နောက်လှည့်ကြည့်မိသည်။ လူတစ်ယောက်မျှ မရှိ။ အံ့သြ၍ရနိုင်လောက်သည်အထိ လူတစ်ယောက်ဆို တစ်ယောက်မျှမရှိ။ တက်လာစဉ်က သတိမပြုမိဘဲ ယခုမှ သေချာကြည့်မိသောအခါ စိတ်က သရိုးသရီဖြစ်လာသကဲ့သို ခံစားရသည်။ ဈေးဝယ်လှည်း နီနီလေးကို ဆွဲပြီးလာတတ်သော မိန်းမကြီးငယ်တို့လည်း မရှိ၊ ဘောင်းဘီတိုနဲ့ တက်လာတတ်သော အဘိုးကြီးများလည်း မရှိ၊ ဆူညံပွက်လောကို ခပ်သွက်သွက်ရိုက်လာကြသော တူညီဝတ်စုံများနှင့် ကျောင်းသူကျောင်းသားငယ်များလည်း မရှိ၊ နားကွင်းကြီးကြီး၊ နှုတ်ခမ်းရဲရဲနှင့် ဟန်ပန်ဖြည့်ထားတတ်သော မိန်းမရွယ်များလည်းမရှိ၊ မတ်တပ်ရပ်နေရင်းနှင့် ပီအက်စ်ရယ်မှ ပီကာ အချိန်မဖြုန်းတတ်သော လူငယ်များလည်းမရှိ၊ နားကြပ်နှစ်ဖက်တတ်ပြီး မျက်နှာထားတင်းတင်းနှင့် ကျောပိုးအိတ်လွယ်ထားတတ်သော ကောင်မလေးများလည်းမရှိ၊ ကွိစိကွစများကို လူမျိုးခြားနားထဲဝင်ရန် ခက်လွန်းလှသော စကားသံဖြင့် ပေါက်ပေါက်ဆိုင်ထောင်နေတတ်သော မိန်းမကြီးများလည်းမရှိ။ တစ်ယောက်ဆို တစ်ယောက်မျှမရှိ၍ လန့်သလို၊ ရွံ့သလိုဖြစ်လာသည်။
ထိုင်နေရာမှ လှမ်းကြည့်လိုက်သော် ကားမောင်းနေသူကိုတော့ နောက်ကြည့်မှန်မှတစ်ဆင့် မျက်နှာတစ်ပိုင်းတစ်စကိုမြင်ရသည်။ သူကြည့်ရသည်မှာတော့ ခပ်အေးအေးနှင့် ပုံမှန်မှ ကွက်တိပုံမှန်။ ပုံမှန်ဖြစ်လွန်းနေတော့လည်း ပုံမှန်မဟုတ်သကဲ့သို့ ခံစားလာရပြန်သည်။ လေကိုခွင်း၍ ခွင်း၍ ဖြတ်သွားသည်ကို မှန်များပိတ်ထား၍ မသိလိုက်သော်လည်း၊ ပတ်ဝန်းကျင်ကို ငေးမောလိုက်မိသည်။ ကယောက်ကယက်ဖြစ်နေသော စိတ်တို့ ငြိမ်စေရန် ရည်ရွယ်ချက်လည်းပါသည်ကိုက ၀န်ခံရပေမည်။ မှန်ပြတင်းမှတစ်ဆင့် လှမ်းမြင်ရသည်ကလည်း ခပ်ဆန်းဆန်း။ လမ်း၏နံဘေးကို့ အကြည့်ရောက်မိချိန်တွင် မြင်ရသည်က သစ်ပုံ။ ဟုတ်သည်။ သစ်လေးငါးခြောက်ချောင်း ပုံထားသည့် သစ်ပုံတစ်ပုံကို ဖျတ်ခနဲတွေ့လိုက်ရသည်။ ကားအရှိန်ကြောင့် အသေအချာမစူးစမ်းနိုင်ခင်တွင်ပင် ဒုတိယမြောက် မြင်ကွင်းထဲဝင်လာသည်တို့က ရွှံများ။ မိုးရွာထားလေသည်လား၊ မရွာထားလေသည်လား သေချာမသိသော်လည်း အညိုရောင်မှန်းသေချာသော ရွှံ့များ။ သို့နှင့် အောက်ဘက်က မြင်ကွင်းကို ခဏဖြတ်၍ ၀ဲယာကို ငေးကြည့်မိပြန်သည်။ အလုံးစုံတို့က ပျက်နေသည်နှင့်၊ ပြင်နေသည်နှင့်၊ ပြင်နေသည်နှင့်၊ ပျက်နေသည်နှင့်သာ ပတ်ချာလည်နေတော့သည်။
သူရောက်နေသည်က မြို့ထဲတွင် ဟုတ်မှဟုတ်ပါလေစဟု အတွေးပေါက်မိသည်။ တစ်မှတ်တိုင်မျှမရပ်ဖြစ်ဘဲ အသွက်နှင်နေသော ကားပေါ်တွင် ထိုင်ရသည်ကိုပင် မလုံမလဲဖြစ်လာသည်။ ရုတ်တရက် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ဖုန်းကို လက်ချောင်းတို့ဖြင့် ထိတွေ့ကြည့်သည်။ တစ်စုံတစ်ယောက်ကို ဆက်သွယ် စကားပြောလျှင် အနည်းငယ်မျှ စိတ်လုံခြုံမှုရလေမလား ဟူသော ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ သို့သော်လည်း ကိုယ်တိုင်ရှာမတွေ့သော အကြောင်းပြချက်ဖြင့် မဆက်ဖြစ်။ ရောက်သည့်မှတ်တိုင်တွင် ကောက်ကာငင်ကာ ဆင်းလိုက်ရလေမလားဟု အကြံပေါက်မိသော်လည်း လမ်းမှားမည်စိုးရိမ်စိတ်နှင့် မဆင်းဖြစ်။
ဖျတ်ခနဲ အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ ဘေးကိုလှည့်ကြည့်လိုက်ရာ အသံပင်မကြားရ။ နောက်ကိုကြည့်ပြန်တော့လည်း အရိပ်ပင်မမြင်ရ။ ကားကလည်း မြန်သည်ထက်သာ မြန်လာသည်။ ထူးခြားမှုတစ်စုံတစ်ရာပင် မတွေ့ရပေ။ သူတစ်ယောက်တည်း မည်သို့မျှ ဆက်မထိုင်ရဲတော့ပေ။ ဆင်းရန် စိတ်ကူး၍ မဆုံးသေးမီမှာပင် ခန္ဓာကိုယ်က မတ်တတ်ထရပ်လိုက်မိသည်။ ကားမောင်းသူက အကဲခတ်ဟန်ဖြင့် လှမ်းကြည့်သည်ကို သတိပြုမိ၍ ပြန်ထိုင်ချလိုက်သည်။ နေ့ခင်းနေ့လည် နေတောက်တောက်ပူနေသော အချိန်တွင် မရှိသည်ကို လန့်နေသော သူ့အဖြစ်ကိုသူ ရယ်စရာဟု သတ်မှတ်ရန် ကြိုးစားကြည့်မိသည်။ သို့သော်လည်း အရာမထင်။
မဟုတ်တော့။ အခြေအနေက နည်းနည်းလေးမှ ကောင်းသည့်ဘက် ရောက်မလာ။ ကားဖြတ်သွားနေသည့် ပတ်ဝန်းကျင်ကို သူလုံးဝမရင်းနှီးဟု ပြင်းပြင်းထန်ထန် ခံစားနေရသည်။ လမ်းဘေးတစ်ဖက်တစ်ချက်မှ လူပေါင်းများစွာတို့၏ မျက်နှာကလည်း “ရုပ်သေ”ဟု ကင်းပွန်းတပ်၍ ရနိုင်သော ပုံစံမျိုးများနှင့် ခပ်ဆင်ဆင်။ ရုတ်တရက် ဖုန်းမြည်သံကြားလိုက်ရာ ဆတ်ခနဲတွန့်သည့်အထိ သူ့လန့်သွားသည်။ လူမရှိသော ကားထဲမှ ရုတ်တရက်အသံထွက်လာ၍ ကားမောင်းသူကလှည့်ကြည့်သည်။ ပြီးတော့ လှစ်ခနဲပြုံးလိုက်သည်။ သူမည်သို့ ဆက်လုပ်ရမည်မှန်းမသိတော့။ ထိုအပြုံးကို သူကြောက်သည်။ ကြောက်သည်ထက်ပိုလွန်းစွာ တုန်လှုပ်သည်ဟုပင် ဆိုနိုင်သည်။ မဖြစ်.. မဖြစ်။ ဖြစ်ချင်ရာသာ ဖြစ်ပါစေ။ သူဆင်းမှဖြစ်တော့မည်ဟု ကိုယ်စောင့်နတ်က ဆုံးဖြတ်ပေးသည်။
ခလုတ်နီနီပြားပြားလေးကို လက်မနှင့်တွန်းဖိလိုက်သည်။ မြည်သည့်အသံကပင် နေ့စဉ်ကြားနေကျ အသံမဟုတ်ဟု ထင်လိုက်မိသည်။ မှတ်တိုင်ရောက်သည်။ ကားကမရပ်။ “သူရပ်သည့်မှတ်တိုင်မဟုတ်၍ ဖြစ်နိုင်သည်”ဟု ဖြေတွေးသော်လည်း ကြောက်စိတ်ကမပြေ။ နောက်တစ်မှတ်တိုင်လည်းမရပ်၊ နောက်ထပ်တစ်မှတ်တိုင်လည်းမရပ်။ ခေါင်းလောင်းပုံလေးကို ဆက်တိုက်ဆက်တိုက်ဖိနှိပ်သည်။ ကားမောင်းသူက လှည့်ပင်မကြည့်။ တစ်ယောက်ယောက်ကိုဖုန်းခေါ်ရန် ကြိုးစားသည်။ ဓာတ်လှေကားထဲရောက်နေသကဲ့သို့ ဖုန်းက ဆက်၍မရ။
သူမည်သည့်နေရာသို့ရောက်နေသနည်း
သူမသိ
သူ့ကိုမည်သူက မည်သည့်အရပ်ဆီသို ခေါ်ဆောင်နေသနည်း
သူမသိ
သူမသိ
သူမသိပါ……………………








ဖတ်ရင်းနဲ့ မျက်စေ့လည်လာတယ် ဘယ်ရောက်နေသလဲ မသိတော့ဘူးဗျ။ ကြည့်ရတာ လမ်းမှာမရပ်တဲ့ Shuttle ကိုမှားစီးလာတာ ဖြစ်မယ်ထင်တယ်။
ဒါနဲ့ ဘယ်ရောက်သွားသလည်း
သူမသိ
သူမသိ
သူမသိပါ……………………
အော် အဖြေပါလာပြီးသားကို ငါ့နှယ့်နော်မေးနေသေးတယ် အဟားးးးးးးးး
တော်ကြာ စိုင်းစိုင်းသီချင်းထဲကလို ဘလောင်ဆူတဲ့ တောင်ငူကိုလည်းသွားခဲ့
နင့်ငါ့ကိုဘာထင်တာလည်း ဘာမှမဆိုင်ရင် ကားကိုရပ်ပေါ့ ဆိုပြီး ကားသမားကိုလည်း ရန်တွေ့ မလွတ်နဲ့ အုန်း
သေပြီ ဆရာ နဲ့ တိုးနေဦးမယ် ဟဟ
မှန်းကြည့်တာက ဒီမှာလည်းဖြစ်ပြန် ကိုယ်တိုင်လည်း ဖြစ်လေ့ရှိတော့ ဒါပဲရှိတယ်မဟုတ်လား။ ကိုယ်တိုင်လည်း ဖြစ်ခဲ့ပေါင်းကများပြီလေ ဟေးဟေး။
သရဲကားကြည့်နေရတာလားလို့ ထင်မိတယ်း) ကိုလူပျိုပြောသလို Shuttle Bus ကြီး စီးလိုက်တယ်ထင်တယ် ဒီကလေးနဲ့ မှားပဲ မှားတတ်ပြန်တယ် အဟေးးးးးးးးး
လေးစားလျက်
တောင်ပေါ်သား
ပြီးတော့ ဘယ်မှာဆင်းလို့ရသွားလဲဟင် …
တစ်ခြား ကမ္ဘာကို ခေါ်သွားတာ နေမှာပေါ့..။
ဒါမှမဟုတ် ဟယ်ရီပေါ်တာတို့ ဟောဝပ် ကျောင်းတော်ကိုများ ခေါ်သွားသလား..။
အဲ သိသလိုလို မသိသလိုလိုပဲဗျ
အဲ.. ဟို နေရာပဲ ဖြစ်ရမယ်.. ဟိုနေရာလေ ဒီနေရာမဟုတ်တဲ့နေရာ
ညီမလေးက စာ တအားရေးတတ်တာပဲ.. ဖတ်ပြီး ကိုယ်တောင် ဘာလိုလို၊ ညာလိုလို
ညီမလေးရေ…တော်လိုက်တာ ။ စိတ်ဝင်စားအောင် ရေးတတ်လိုက်တာ။ အရမ်းဖတ်ကောင်းတယ်။
အောင်မြတ်လေးနော်……ငါ့နှယ်
ညဘက်လေး အချိန်ရလို့ဖတ်ပါတယ်
ဘာတွေရေးမှန်လည်း မသိဘူး…….
ဖတ်နေရင်းတောင် ကျောချမ်းလာပြီ
နောက်ကျောမလုံဘူး……သူများတွေ
ိအိပ်နေကြပြီ……ငါဘယ်လိုလုပ်ရမလဲ????
ရှုး………….
ဟာ….သွားပြီ
ညီမလေး
စာလေးမိုက်တယ်။ စိတ်ဝင်စားအောင် ရေးတတ်လိုက်တာ။
အက်ဆေးကောင်းလေးတစ်ပုဒ်ပါပဲ။ ရသကို ပေးနိုင်ပါတယ်။
ငါ့ ညီမလေးက ဧရိယာပြင်ရောက်သွားတာကိုးးး
နေ့အိပ်မက်တို့ အိပ်မက်မက်တာလား မသိဘူးနော်…
ဖတ်ရတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်…
အီး.. ကြောချမ်းတယ်နော်..
ဗုဒ္ဓေါ … င့ါညီမလေး ဘာကားများ စီးမိလို့ ဘယ်ရောက်သွားတာလဲ..။ ဒါကြောင့် ပျောက်နေတယ် ထင်တာ။း)
ဖတ်လို့ကောင်းတယ် ညီမလေးရေ … ရေးတတ်တယ် တော်လိုက်တာ။ ဖတ်ရင်းနဲ့ စိတ်ဝင်စားလာတယ်။
ခင်မင်လေးစားလျှက်
ညီမလေးရေ..ဖတ်ရင်း ဖတ်ရင်းကြောက်လာတယ် ဟီးးးးးးးးးးးးးးးးးးးး
အတွေးလေးကတော့ ဆန်းပါ့..
ခင်တဲ့
မအင်ကြင်း
သိမယ့်နေ့ကို သိချင်ပါရဲ့ဗျာ။ ကျန်းမာပါစေ
ဘလော့က ဖွင့်လို့မရ၊ ရတော့လည်း အရမ်းကြာ၊ Themw ပြောင်းလိုက်ရင် ကောင်းမယ်၊ မနေ့ညက တစ်နာရီကျော်ကြာတဲ့အထိ၊ ဒါတောင် စီဘောက်က ပေါ်မလာ။
ဘလော့က ဖွင့်လို့မရ၊ ရတော့လည်း အရမ်းကြာ၊ Theme ပြောင်းလိုက်ရင် ကောင်းမယ်၊ မနေ့ညက တစ်နာရီကျော်ကြာတဲ့အထိ၊ ဒါတောင် စီဘောက်က ပေါ်မလာ။
ဟုတ်ကဲ့ပါ။ ကျွန်တော်မှားခဲ့မိပါတယ်။ အမလေး .. နေ့အိပ်မက်ရှေ့မှာ ပို့စ်ရေးရတာ မလွယ်ပါလား။ သူရေးတာဖတ်တော့လည်း ကျောချမ်းရ။ ကိုယ်ရေးမိတော့လည်း ကျောချမ်းရ။ အီး…….. ကြောက်ပါပြီဗျ။
(မြန်မာပြည်တွင် ဖြစ်ပါသည်။ နေ့အိပ်မက်တို့ကဲ့သို့ နိုင်ငံရပ်ခြားတွင် အသုံးပြုနေသော…..)
စိတ်ဝင်စားပါက ထိုနေရာသို့…..( http://netmaze.mmgenius.com/?p=34 )
တားတော့ သိပ်မရှင်းဖူးရယ်း)
အီး မနက်အစောကြီး လာဖတ်တာပါဆိုမှ လမ်းမမှာ ကားသံကတ၀ီဝီ စာတစ်ကြောင်းဖတ်လိုက် လမ်းကြည့်လိုက်
လမ်းမကြည့်လိုက် စာတစ်ကြောင်းဖတ်လိုက်နဲ့ သရဲကားအတိုင်းပါပဲလား မနေ့အိပ်မက်ရယ်
လာဖတ်သွားတယ် စဉ်းစာစရာ အရေးအသားပါ ဘ၀သံသရာတစ်ခုလိုမြင်မိပါတယ်။ ဘယ်မှာ ရပ်မလဲ မသိ ဘယ်သူမောင်းနေလဲ မသိ မသိခြင်းတွေ ကျွန်တော်တို့ သဏ္ဍန်မှာ အမြဲ ကိန်းအောင်းနေမှာပဲ
မိုက်တယ်ဗျာ !!!!!